၁၂ ရာသီပတ်လုံး နှာရည်ယိုရွှဲနေရတဲ့ အကြောင်းရင်း
"နှာရည်ယိုရွဲ တပို့တွဲ" လို့ အဆိုရှိပေမယ့် တပိုတွဲတင်မဟုတ်ဘဲ ဆယ့်နှစ်ရာသီလုံး နှာရည်တရွှဲရွှဲ ဖြစ်နေတဲ့သူတွေ အများကြီးရှိမယ် ထင်တယ်နော်။ ဘာကြောင့် နှာရည်တရွှဲရွှဲ အမြဲဖြစ်နေရလဲ ဆိုတာကိုရော သိချင်ကြလား?
အဲဒီလို နှာရည်တရွှဲရွှဲ ဖြစ်နေတာကို ဆေးပညာအားဖြင့် Allergic Rhinitis လို့ခေါ်ပြီး ဓာတ်မတည့်မှုတစ်ခုခုကြောင့် (ဥပမာ…ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်တာ) နှာချေတာနဲ့ တခြားလက္ခဏာတွေ ခံစားရတာပါ။
- နှာချေတာ
- နှာခေါင်းယားတာ
- နှာရည်တွေကျနေတာ သို့မဟုတ် နှာခေါင်းပိတ်နေတာ
- မျက်လုံးတွေ နီရဲယားယံပြီး မျက်ရည်တွေ ကျနေတာ
- ချောင်းဆိုးတာ နဲ့
- အာခေါင်ယားတာတွေက Allergic Rhinitis ရဲ့ ရောဂါလက္ခဏာတွေပါ။
ဘာတွေနဲ့ ဓာတ်မတည့်တာလဲ?
- သစ်ပင်ပန်းပင်တွေ၊ မြက်တွေနဲ့ ပေါင်းပင်တွေရဲ့ ဝတ်မှုန်တွေ
- ကြမ်းပိုးတွေ
- အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အမွှေးတွေ၊ သန်းတွေ၊ အညစ်အကြေးတွေ
- အလင်းရောင်ကောင်းစွာမရတဲ့ အိမ်အတွင်းပိုင်းမှာ ရှိနေတတ်တဲ့မှိုတွေ
- ကြမ်းပြင်နဲ့ နံရံမှာ ရှိနေတတ်တဲ့ဖုန်တွေ
- ရာဘာနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေကြောင့် ဓာတ်မတည့်တာ များပါတယ်။
ဘယ်လိုကုသမလဲ?
Allergic Rhinitis ဟာ အသက်အန္တရာယ် ရှိတဲ့ ရောဂါကြီးတော့ မဟုတ်ပေမယ့် နေရထိုင်ရခက်ပြီး နေ့စဥ်လူမှုဘဝမှာ အနှောက်အယှက် ဖြစ်နိုင်ပါတယ်။
အဓိကကတော့ ကိုယ်နဲ့ ဓာတ်မတည့်တဲ့အရာကို သိပြီး ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။
- ဓာတ်မတည့်တာကို သက်သာစေတဲ့ Antihistamine အုပ်စုဝင်ဆေးတွေ သောက်တာ (Burmeton, Cetrine စသည်)
- နှာခေါင်းပိတ်တာ သက်သာစေတဲ့ Nasal spray သုံးတာ
- နှာခေါင်းကို ဆားရည် သို့မဟုတ် Saline နဲ့ ဆေးတာတွေက ရောဂါလက္ခဏာကို သက်သာစေပါတယ်။
အဖျားပါရှိနေခဲ့ရင် လူအများနဲ့ မထိတွေ့ဘဲ အိမ်မှာနားနေဖို့ သင့်ပါတယ်။
ရက်သတ္တပတ်ကျော်တဲ့ထိ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။
ဘယ်လိုကာကွယ်မလဲ?
- အပြင်သွားရင် ဝတ်မှုန်တွေ မဝင်ရောက်နိုင်အောင် မျက်မှန်တပ်ပါ၊ mask တပ်ပါ။
- အဝတ်အစားနဲ့ အိပ်ယာခင်းတွေကို အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ် ရှိတဲ့ ရေနဲ့ လျှော်ပါ။
- အိမ်မွေးတိရိစ္ဆာန်တွေကို အနည်းဆုံး ၂ ပတ်တစ်ခါ ရေချိုးပေးပြီး အိမ်အပြင်ဘက်မှာ ရေသုတ်တာ၊ အခြောက်ခံတာ လုပ်ပါ။
- အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အဝတ်အစား၊ အိပ်ယာတွေကို ပုံမှန်လျှော်ပါ။
- အိမ်မွေးတိရိစ္ဆာန်တွေနဲ့ အတူအိပ်တာမျိုး ရှောင်ပါ။
- ပရိဘောဂတွေကို နေ့စဥ်သန့်ရှင်းရေး လုပ်ပါ။
- အိမ်ကို လေဝင်လေထွက်ကောင်းအောင်၊ အလင်းရောင် ကောင်းစွာရအောင် ထားပါ။ မှိုစွဲနေတဲ့နေရာတွေ မရှိအောင် ခြောက်သွေ့စွာ ထားပါ။
- ဝတ်မှုန်ကူးတဲ့ ရာသီတွေမှာ အဝတ်အစားတွေကို အိမ်အပြင်မှာ အခြောက်ခံတာမျိုး မလုပ်ပါနဲ့။
ဓာတ်မတည့်တာမျိုးက အကြောင်းရင်းကို မဖယ်ရှားနိုင်သရွေ့ ထပ်ခါထပ်ခါ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ၁၂ ရာသီ နှာရည်ယိုရွှဲနေတာမျိုး ဖြစ်နေရင် အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို ဂရုတစိုက်လိုက်နာခြင်းဖြင့် ပျောက်ကင်းသက်သာ နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်